Sunday, April 28, 2013

ဒေါ်စု မွန်ဂိုလီးယားရောက်


ဒေါ်စု မွန်ဂိုလီးယားရောက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (ဧပြီလ ၁၇ ရက်၊ ၂၀၁၃)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (ဧပြီလ ၁၇ ရက်၊ ၂၀၁၃)။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီ နိုင်ငံများ အသိုင်းအဝိုင်းအဖွဲ့ရဲ့ (၇) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံကို တက်ရောက်ဖို့ မွန်ဂိုလီးယားနိုင်ငံမှာ ရောက်ရှိနေပါတယ်။ နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ နိုင်ငံ့အကြီးအကဲတွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ လူထုခေါင်းတောင်တွေနဲ့ အစိုးရတွေ လူထုအခြေပြု အဖွဲ့အစည်းတွေက အဆင့်မြင့် ကိုယ်စားလှယ်တွေပါဝင်တဲ့ ဒီညီလာခံကို ဧပြီလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ Ulaanbaatar မြို့တော်မှာကျင်းပတာပါ။

ဒီမိုကရေစီအတွက် လွတ်လပ်ပွင့်လင်းတဲ့ အုပ်ချုပ်မှုကို ကိုင်တွယ်မှု၊ ဒီမိုကရေစီနည်းလမ်းကျ အကူးအပြောင်းကို ထောက်ခံမှုလို အကြောင်းအရာတွေကို ဆွေးနွေးကြမှာဖြစ်တဲ့အပြင် အမျိုးသမီးအရေး၊ လွှတ်တော်အရေး၊ လူထုအခြေပြု အဖွဲ့အစည်းတွေအရေး၊ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ လူငယ်တွေနဲ့သက်ဆိုင်တဲ့ နှီးနှောဖလှယ်ပွဲတွေလည်း ကျင်းပသွားမှာပါ။

ဒီညီလာခံကို လူထုအခြေပြုအဖွဲ့အစည်းနဲ့ ဒီမိုကရေစီထွန်းသစ်စနိုင်ငံများ ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာ Tomicah Tillemann လည်းတက်ရောက်မှာဖြစ်ပြီး သူက ဒီမိုကရေစီထွန်းသစ်စနိုင်ငံများ အပါအဝင် အကြောင်းအရာ အများအပြားနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ဆွေးနွေးပွဲတခုမှာလည်း အတူ ဝင်ရောက်ဆွေးနွေးမှာပါ။ မစ္စတာ Tillemann ဟာ ဧပြီလ ၃၀ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ 
 ဗွီအိုအေ (မြန်မာဌာန)

တိုင်းရင်းသား ဘာသာစကား မီဒီယာကွန်ရက်ဖွဲ့မည်


တိုင်းရင်းသား ဘာသာစကား မီဒီယာကွန်ရက်ဖွဲ့မည်



ကိုမိုးဇော်
မြန်မာပြည်မှာ ပထမဆုံးကျင်းပတဲ့ ပြည်တွင်းပြည်ပ အခြေစိုက် တိုင်းရင်းသား မီဒီယာအဖွဲ့တွေရဲ့ ၃ ရက်ကြာ ညီလာခံဟာ ဒီကနေ့ ပြီးဆုံးသွားပြီး ဒီညီလာခံမှာတော့ အသစ်ပြဌာန်းမယ့် မီဒီယာဥပဒေမှာ တိုင်းရင်းသားတွေ ပါဝင်ရေးသားခွင့် ရရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသား မီဒီယာတွေက တိကျမှန်ကန်တဲ့သတင်းတွေ တင်ပြနိုင်ရေးတွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပမှာ အခြေစိုက်တဲ့ တိုင်းရင်းသားသတင်းမီဒီယာ ကွန်ရက် တခုကိုလည်း ဖွဲ့စည်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်စုံကိုတော့ ဒီညီလာခံကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာကျင်းပပြီးတဲ့ တိုင်းရင်းမီဒီယာညီလာခံကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်က ကိုယ်စားလှယ်တွေအပါအ၀င် နိုင်ငံရေးပါတီ ၇ ပါတီနဲ့ မီဒီယာအဖွဲ့ ၃၄ ဖွဲ့၊ လူထုအခြေပြုအဖွဲ့အစည်း ၂၀ က ကိုယ်စားလှယ် ၁၅၀ လောက် ပါဝင်တက်ရောက်ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။

ဒီညီလာခံအတွင်းမှာတော့ အဓိက ဆုံးဖြတ်တဲ့အချက်တွေကိုတော့ ကိုယ်တိုင်ပါဝင်တက်ရောက်တဲ့ ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်တဲ့မွန်သတင်းဌာန အယ်ဒီတာချုပ် နိုင်ကဆော့မွန်က အခုလို ပြောပါတယ်။

“ဆွေးနွေးတဲ့အချက်တော့အများကြီးပါပဲ။ ပထမအချက်ကတော့ မကြာခင်မှာ ပေါ်ပေါက်လာမယ့် မီဒီယာဥပဒေမှာ တိုင်းရင်းသားမီဒီယာရဲ့ အခန်းကဏ္ဍဟာ အထူးအရေးကြီးတယ်လို့ ကျနော်ပြောချင်တယ်။ ဒီ မီဒီယာဥပဒေထဲမှာ ကျနော်တို့ရဲ့ အခန်းကဏ္ဍတွေ ပီပီပြင်ပြင်ပေါ်လာဖို့က ကျနော်တို့က ကိုယ်တိုင်ပါဝင်ရေးဆွဲနိုင်ဖို့ ဆွေးနွေးကြပါတယ်။ အခုဟာက တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရှိဖို့လိုမယ်။ ငြိမ်းချမ်းရေးရှိမှသာလျင် ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ကိစ္စတွေ အရပ်ရပ်က တိုးတက်လာမယ်ဆိုတော့ ကျနော်တို့ တိုင်းရင်းသားမီဒီယာတွေရဲ့ အဓိက တာဝန်တခုက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မှန်ကန်တဲ့သတင်းတွေ ပို့ပေးဖို့နဲ့ မှန်ကန်တဲ့သတင်းတွေကို မြန်မာပြည်လူထုတရပ်လုံး ကြားဖို့ကတော့ ကျနော်တို့ရဲ့ အဓိကတာဝန်ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချပါတယ်။”

အခြားအရေးပါတဲ့ ဆုံးဖြတ်ချက်တခုကတော့ တိုင်းရင်းသားဒေသတွေမှာ မီဒီယာလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် ပြည်တွင်းပြည်ပ တိုင်းရင်းသားမီဒီယာတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက်လည်း စိန်ခေါ်ချက်တွေ အများကြီးရှိနေတယ်လို့ နိုင်ကဆော့မွန်က ဆက်ပြောပါတယ်။

“ဆုံးဖြတ်ချက်တွေတော့ အများကြီးပါပဲ။ ပထမဦးဆုံးကတော့ ခရီးသွားလာရေး အခက်အခဲတွေကို ကျနော်တို့ တွေ့နိုင်တယ်။ ဆိုတော့ ကျနော်တို့မှာ တိုင်းရင်းသားလူမျိုးစုတွေက ကျယ်ပြန့်တဲ့ တကယ့် မြန်မာပြည်က မတိုးတက်သေးတဲ့ဒေသတွေမှာ ရှိနေတဲ့အတွက် ကျနော်တို့ ဒီ အခက်အခဲကို တွေ့ရပါလိမ့်မယ်။ ဒုတိယအချက်ကတော့ ကျနော်တို့မှာက တိုင်းရင်းသားတွေကြားထဲမှာ ကျနော်တို့ မီဒီယာလုပ်ငန်း လုပ်တဲ့အခါမှာ ကျနော်တို့က တကယ့်ပင်မ မီဒီယာတွေလောက် ဈေးကွက်ကမကြီးဘူးဗျ။ ဈေးကွက် သိပ်သေးတယ်။ ဈေးကွက် သိပ်သေးတဲ့အခါမှာ ဒီ အခက်အခဲကိုလည်း ကျနော်တို့ တွေ့ရမှာပါ။ နောက်တချက်ကတော့ ဒီ မီဒီယာ ဖွံ့ဖြိုးရေးလုပ်ငန်းကို စတင်လုပ်တဲ့အခါမှာလည်း ကျနော်တို့ သင်တန်းတွေဘာတွေ ပေးတဲ့အခါမှာ ပြန်လည် စုစည်းရမယ့်အခြေအနေ၊ ငွေကြေးအခြေအနေ စသည်ဖြင့်ပေါ့ အခက်အခဲတွေ ကြုံရမှာဖြစ်ပါတယ်။”

မွန်ဘာသာနဲ့ထုတ်ဝေတဲ့ အမတ်ဒိန် ဂျာနယ်ရဲ့အယ်ဒီတာချုပ် နိုင်မောင်တိုးကတော့ တိုင်းရင်းသားမီဒီယာတွေ ကြုံတွေ့နိုင်တဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ကျနော်တို့တိုင်းရင်းသားတွေအတွက်ကတော့ အရင်တုန်းကဆိုရင် ကျနော်တို့ မွန်စာအုပ်ကို ထုတ်ချင်လို့ရှိရင် ဘာသာပြန်ပေးရတယ်။ စာအုပ်ထုတ်ရတဲ့ အခက်အခဲအပြင် ဘာသာပြန်ပေးရတဲ့ ပြဿနာတခုကလည်း ရှိလိုက်သေးတယ်။ အဲဒီတော့ အခု အဲဒီအပိုင်းကို လျှော့လိုက်တဲ့ အခါကျတော့ စာပေစိစစ်ရေးကဏ္ဍကို လျှော့လိုက်တဲ့အခါကျတော့ တော်တော်လေးကို လွယ်ကူသွားတယ်။ လွယ်ကူသွားတော့ အောင်အောင်မြင်မြင်လည်း ဖြစ်တယ်။ စာအုပ်လည်း အများကြီးထွက်နိုင်တယ်။ ဒါပေမဲ့ ရေဒီယိုပိုင်းတို့၊ တီဗွီပိုင်းတွေကျတော့ ကျနော်တို့မှာ အခက်အခဲရှိတယ်။ အတတ်ပညာပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းရင်းသားတွေမှာ အတွေ့အကြုံ သိပ်မရှိဘူး။ မရှိတော့ အခက်အခဲတော့ ရှိလိမ့်မယ်ထင်တယ်။ အဲဒီအခက်အခဲကို နိုင်ငံတော်ကဖြစ်ဖြစ်၊ အဖွဲ့အစည်းကဖြစ်ဖြစ် ပံ့ပိုးပေးနိုင်ရင်တော့၊ ထောက်ပံ့ပုံစံမျိုးတွေ အမျိုးမျိုးလုပ်ပေးလိုက်လို့ရှိရင် ကျနော်ထင်တယ် တိုင်းရင်းသားနေရာတွေက အများကြီး ပွင့်လင်းလာပါလိမ့်မယ်။”

တိုင်းရင်းမီဒီယာညီလာခံက  တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးရေးအတွက် မီဒီယာဌာနကြီးတွေက ကူညီပံ့ပိုးပေးဖို့၊ သက်ဆိုင်ရာတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အစိုးရတွေကလည်း တိုင်းရင်းသား သတင်းမီဒီယာတွေ တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် လွတ်လွတ်လပ်လပ်ဆောင်ရွက်ခွင့်ပေးဖို့ ဆိုတဲ့အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။

ဒီညီလာခံကိုတော့ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်တဲ့ ကချင်၊ ကရင်၊ ကရင်နီ ခေါ် ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း နဲ့အခြား မီဒီယာအဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ နိုင်ငံတကာ မြန်မာသတင်း ခေါ် Burma News International အဖွဲ့နဲ့ မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ် နဲ့ လမ်းပြကြယ် မွန်သတင်းဂျာနယ်တိုက်တွေက ကမကထပြု ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ 
By-VOA

Monday, January 28, 2013

၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန် ရပ်ဆိုင်းမည်


၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန် ရပ်ဆိုင်းမည်

၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေး အမေရိကန် ရပ်ဆိုင်းမည်
ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ယခု ၂၀၁၃ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေးကိစ္စ ရပ်ဆိုင်းတော့မည်ဟု ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များဆိုင်ရာ အမေရိကန် အကြီးအကဲ (Principal Deputy Assistant Secretary for Bureau of population refugees and migration US Department of state) ဒေးဗစ်ရောဘင်ဆန် (Mr.David Robinson)က ယနေ့ ပြောကြားလိုက်သည်။

ဒုက္ခသည်များအား ခေါ်ယူခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံတခုတည်းသာ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဒေးဗစ်ရောဘင်ဆန် ပြောဆိုခဲ့ကြောင်း မယ်လစခန်း ဒု-ဥက္ကဌ စောသာကဲက ကေအိုင်စီသို့ ယခုလို ပြန်လည်ပြောဆိုသည်။

“သူလာရတဲ့ အကြောင်းကတော့ ဒုက္ခသည်တွေကို အသိလာပေးတဲ့သဘောပဲ။ ဒါဟာ အမေရိကန်နိုင်ငံတနိုင်ငံအတွက်ပဲ သူ လာပြောသွားတာဖြစ်တယ်။ ကျန်နိုင်ငံတွေကတော့ မဆိုင်ဘူး။ ဒီနေ့ကနေ ဇွန်လ ၅ ရက်နေ့အထိ အမေရိကန်နိုင်ငံ သွားလိုသူaတွကို နာမည်စာရင်းလာပေးရမယ်။ နောက်ဆိုရင် မလက်ခံတော့ဘူး။ စာရင်းပိတ်တော့မယ်ပေါ့” ဟု စောသာကဲက ပြောသည်။

ထို့အပြင် အမေရိကနိုင်ငံသို့ သွားရောက်အခြေချလိုသည့် ဒုက္ခသည်များသည် နာမည်စာရင်းလာသွင်းပါက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသောသူဖြစ်ပြီး UNCHR မှ တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးသည့် PAB လက်မှတ်ကိုင်ဆောင်ထားသည့် ဒုက္ခသည်များ မပါဝင်ကြောင်း သိရသည်။

သို့သော် PAB လက်မှတ်ကိုင်ဆောင်ထားသူ ဒုက္ခသည်များအတွက် နာမည်စာရင်း ပြန်လည်စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် ပြန်လည်လုပ်ပေးသင့်မသင့်ကို UNHCR အနေဖြင့် ပြန်လည်ပြုလုပ်ပေးသွားရန် ရှိကြောင်းလည်း စောသာကဲက ဖြည့်စွက်ပြောဆိုသည်။

ဆက်လက်၍ စခန်းအတွင်းရှိ ဒုက္ခသည်လက်မှတ်မရှိသော လူသစ်များအား အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနိုင်မည့် အခွင့်အလမ်းမရှိသလို ၎င်းနိုင်ငံအနေဖြင့်လည်း လက်ခံသွားမည့် အစီအစဉ် ရှိတော့မည်မဟုတ်ကြောင်း သိရသည်။

ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် မရှိသေးသူ မယ်လစခန်းနေ အောင်ခိုင်ထွန်းက “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် လူဟောင်းအဖြစ် အခွင့်အရေးရချင်တယ်။ အခု လာရှင်းပြတာက လူသစ်အတွက် ဘာမှပြောသွားတာ မရှိဘူး။ တကယ်လို့ မသွားဖြစ်လည်း မြန်မာနိုင်ငံကိုတော့ ပြန်မှာမဟုတ်ဘူး။ သူတို့စီစဉ်တဲ့အတိုင်း၊ ထားတဲ့အတိုင်း နေသွားမယ်” ဟု ပြောသည်။

အမေရိကန်နိုင်ငံသို့ သွားရောက်ခိုလှုံခွင့် ရက်သတ်မှတ်လိုက်သည်နှင့် ပတ်သက်၍ ယနေ့မနက်တွင် မယ်လစခန်း ဘောလုံးကွင်း၌ ဒုက္ခသည်များအား လာရောက်ရှင်းလင်းပြောဆိုရာတွင် US Embassy, UNHCR, IOM နှင့် RSC ကိုယ်စားလှယ်များလည်း ပါဝင်သည်။

ယခုလ ဇန်န၀ါရီ ၁၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး (နိုင်ကျာရုဖုန် ရေယန်ဆုဝမ်)က မယ်လဒုက္ခသည်စခန်းအတွင်း ဒုက္ခသည်၏ အခြေအနေများကို လာရောက်လေ့လာခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် ဒုက္ခသည်များကို အတင်းပြန်ခိုင်းမည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ နို့ဖိုး၊ အုန်းဖျန်၊ ဘန့်ဒုံယမ်းနှင့် ထမ်းဟင် စသည့် UNHCR မှ အသိအမှတ်ပြုထားသော ကရင်ဒုက္ခသည်စခန်း ၇ ခုရှိပြီး ၂၀၀၆ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုအစိုးရက ဒုက္ခသည်များကို ၎င်းတို့ နိုင်ငံသို့ သွားရောက်အခြေချနေထိုင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များကို အမေရိကန်အပြင် သြစတြေးလျား၊ ကနေဒါ၊ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံများမှလည်း ခေါ်ယူလျက်ရှိသည်။