Thursday, April 5, 2012

သတ်ကွင်းထဲရောက်သလို ဖြစ်သွားတဲ့ မန်စီးတီးနဲ့ မန်ချီနီ

အောင်မိုးဇော်


ဆန်းဒါးလန်းအသင်းနှင့် အိမ်ကွင်းတွင် သုံးဂိုးစီသရေကျခဲ့သည့်ပွဲ၌ တွေ့ရသော မန်စီးတီးကစားသမားများ။
မန်စီးတီးရဲ့ လက်ရှိပေါ်ပေါက်ကြုံတွေ့ နေရမှုက ကြိတ်မနိုင် ခဲမရ အခြေအနေ မျိုးပဲဖြစ်ပါတယ်။ မန်ချီနီဟာ စီးရီးအေမှာ အင်တာမီလန် နဲ့အတူ စီးရီးအေ ချန်ပီယံ ဆုတွေ ရယူထားခဲ့သူတစ်ယောက်ပဲ။ လိဂ် တစ်ခုရဲ့ တစ်ရာသီဖြတ်သန်းရမှု အတိမ်အနက်ကို သဘောပေါက်ထား ခဲ့မှာပါ။
လိဂ်တစ်ရာသီဟာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေရောက်ရင် တစ်ဖြတ်ရပ်နားကြပါတယ်။ Winter Break ဆိုပြီးတော့ပေါ့။
အဲဒီရှေ့ကာလကို ပထမရာသီဝက်လို့ခေါ်ဆိုပြီး ပြန်အစကနေ အဆုံးအထိကို ဒုတိယ ရာသီဝက်လို့ ခေါ်ကြတာပါ။
မာရသွန် ခရီးရှည်ကြီးဖြစ်လို့ မန်နေဂျာတွေဟာ ပထမရာသီဝက်နဲ့ ဒုတိယရာသီဝက် စွမ်းဆောင်ရည်ကို ချိန်ဆပြီး ကန်ကြ လေ့ရှိတာ အသင်းကြီးတွေပဲဖြစ်ပါတယ်။
အဲဒီလိုအချိန်အဆကောင်းတဲ့ မန်နေဂျာက ဖာဂူဆန်ဖြစ်နေခဲ့ပါတယ်။ အချိန်အဆရှိကောင်းရှိနိုင်ပေမယ့် အချိန်အဆမမှန်ဖြစ် သွားတာက မန်ချီနီ ပါ။
အခုတော့ မန်ချီနီဟာ သတ်ကွင်းထဲ ရောက်သွားသလိုဖြစ်သွားခဲ့ရပြီဖြစ်ပါ တယ်။
၁၉၉၅-၉၆ ဘောလုံးရာသီက ပရီမီယာလိဂ်မှာ အစောပိုင်းဦးဆောင်ပြီး ခြေစွမ်းပြနေသူက နယူးကာဆယ်ဖြစ်ခဲ့ ပါတယ်။
ကယ်ဗင်ကီးဂန်း ကိုင်တွယ် နေချိန်ပါ။
ဂိုးတွေကလည်း တဒိုင်းဒိုင်း သွင်းလို့ လူကြိုက်များစွဲမက်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။
အခု မန်ချီနီရဲ့ မန်စီးတီး အသင်းလိုပေါ့။
ဒါပေမယ့် ဒုတိယ ရာသီဝက်ရောက်လာတဲ့အခါ နယူးကာဆယ်ဟာ ခြေမမှန်ဖြစ်လာခဲ့ပြီး ခြေပျက်သွားလိုက်တာ နောက်ဆုံး မန်ယူ က ကျော်ဖြတ်သွားပြီး ပရီမီယာလိဂ် ချန်ပီယံဖြစ်သွားခဲ့ပါတယ်။
အဲဒီတုန်းက နယူးကာဆယ်ကွင်းလယ်မှာ ပါဝင်ခဲ့တဲ့ ရော်သ်လီက "ဖာဂူဆန်က ပထမရာသီဝက်နဲ့ ဒုတိယရာသီဝက်ကို ချိန်ဆ ကိုင်တွယ်နိုင်စွမ်းရှိသူပါ။ ဒုတိယရာသီဝက်ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သူကောင်းကောင်းသိနေခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့က ဂိုးတွေ ပွဲတိုင်း လှိမ့်သွင်းနေချိန်မှာ မန်ယူက ၁-၀၊ ၁-၀ နဲ့ပဲ ကစားနေခဲ့တယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ ခြေအပျက်မှာ ကျော်သွားတော့တယ်။ မန်စီးတီး ကြုံတွေ့နေရတာ ကျွန်တော်တို့တုန်းက အတိုင်းပါပဲ။ အချိန်အဆလွဲသွားလို့ မန်စီးတီးကစားသမားတွေ ပွဲပန်းလာနေတယ်ထင်ရပါတယ်"လို့ သုံးသပ်ပြ သွားခဲ့ပါတယ်။
ရော်သ်လီပြောသလိုပဲ ပွဲတိုင်း ခြေ အရမ်းကောင်းခဲ့တဲ့ မန်စီးတီးဟာ တကယ့်အရေးကြီးချိန်၊ နင်ကြိတ်၊ ငါကြိတ် ကြိတ်ကြတော့မှ မကျော်နိုင်ဘဲ အမှတ်တွေဆုံးရှုံးသွားခဲ့ရတာနဲ့ ကြုံတွေ့ နေရပြီဖြစ်ပါတယ်။
သူ့ကို တကယ် ပြန်ပြီးကြိတ်နေတဲ့အသင်းတွေက အသင်းကြီးတွေမဟုတ်ဘဲ အသင်းငယ်၊ အသင်းလတ်တွေဖြစ်လို့နေခဲ့ပါတယ်။
မန်ချီနီ စပြီးအကြိတ်ခံလိုက်ရတာက ဆွမ်ဆီးပွဲပဲဖြစ်ပါတယ်။
ဒီရာသီပွဲစဉ်(၁) တုန်းက တန်းတက်လာတဲ့အသင်းလေး ဆွမ်ဆီးဟာ မန်စီးတီးမှာ စတင်ကစား ခဲ့ရပြီး မန်စီးတီးက ၄-၀ နဲ့ ကြိတ်တာကို ခံလိုက်ရခြင်းနဲ့ ပရီမီယာလိဂ်ကို စတင် ခဲ့ရတဲ့အသင်းလေးပေါ့။
အဲဒီအသင်း လေးက အခုပြန်ကြိတ်လိုက်တော့ ထိရောက်သွားတဲ့ သက်ရောက်မှုက မန်စီးတီးဟာ ပရီမီယာလိဂ်ကို တောက် လျှောက်ဦးဆောင်နေရာကနေ ဒုတိယ နေရာရောက်သွားတဲ့အထိကို ထိရောက် သွားခဲ့ပါတယ်။
လေးဂိုးကြိတ်ခဲ့တုန်းက အောင်ပွဲခံပျော်မြူးခဲ့ရတဲ့ ပျော်ရွှင်မှုတွေထက် အဆပေါင်းများစွာ ဆိုးရွားတဲ့ မန်စီးတီးရဲ့ ၁-၀ အရှုံး သက်ရောက်မှုပဲ ဖြစ်ပါတယ်။
အဲဒီမှာ ဖာဂူဆန်အခွင့် အရေးစတင်ရရှိသွားတော့တာပါ။
မန်စီးတီးကို ထည့်သွားသူက ဆွမ်ဆီး တိုက်စစ်မှူး လုခ်မိုး။ လုခ်မိုးဆိုတာ ဆွမ်ဆီးမှာ ပုံမှန်ကစားရတဲ့ တိုက်စစ်မှူး မဟုတ်ပါဘူး။
ဒါဟာ မန်ချီနီ ပထမဆုံး အကြိမ် သတ်ကွင်းထဲကို ရောက်ရှိသွား ခဲ့ရတဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။
နောက်ပွဲမှာတော့ မန်ချီနီရုန်းထွက် နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာပါ။
ချယ်လ်ဆီးက ဦးဆောင်ဂိုးသွင်းတာကို နောက်ကလိုက်ပြီး ပင်နယ်တီနဲ့ အနိုင်ဂိုးတွေ သွင်းသွားခဲ့တာပါ။
ဒါပေမယ့် မန်ချီနီဟာ သတ်ကွင်းထဲမှာပဲရှိနေပါသေးတယ်။
ဘာကြောင့်လဲဆိုတော့ တစ်မှတ်သာနေတဲ့ ဂုရုကြီး ဖာဂူဆန်က အမှားအယွင်းမရှိ တန်းဆင်းဇုန်က ၀ုဖ်ကို ဂိုးပြတ်ကြီးနဲ့ အနိုင်ရသွားခဲ့ပါ တယ်။
မန်စီးတီးဟာ ချယ်လ်ဆီးကို အသေအလဲကစားပြီး အနိုင်ရချိန်မှာ မန်ယူက ကစားအားမထည့်ရဘဲ အလွယ်တကူနဲ့ ၀ုဖ်ကို ကစားသွားတာကတော့ ရော်သ်လီပြောတဲ့ ဖာဂူဆန်ရဲ့ ဒုတိယရာသီဝက်စွမ်းဆောင်ရည် အရည်အသွေးပဲဖြစ်ပါတယ်။
မန်ချီနီနောက်ထပ် သတ်ကွင်းထဲကို ရောက်သွားခဲ့တာက စတုတ်နဲ့ပွဲပဲဖြစ်ပါတယ်။
ဆွမ်ဆီးနဲ့ပွဲမှာ ဘရန်ဒန်ရော်ဂျာရဲ့ အနိုင်ယူတာကို ခံလိုက်ရတဲ့ မန်ချီနီ ဟာ စတုတ်နဲ့ပွဲမှာလည်း ပီတာခရော့ခ်ျ နဲ့ တိုနီပူးလစ် တို့ကြောင့် သတ်ကွင်းထဲကို ပိုပြီးရောက်သွားခဲ့ရပါတယ်။
မန်စီးတီး စတုတ်နဲ့ပွဲမှာ မရှုံးခဲ့ဘူးဆိုပေမယ့် အခုလို အကြိတ်အနယ်အမှတ်လိုနေတဲ့အချိန် မှာ သရေကျသွားတာဟာ ရမှတ်နှစ်မှတ် ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။
ဆွမ်ဆီး ပွဲမှာ သုံးမှတ်၊ စတုတ်ပွဲမှာ နှစ်မှတ် စုစုပေါင်း ငါးမှတ်ဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။
ပီတာခရော့ခ်ျရဲ့ ကန်ချက်ကလည်း ကောင်းလိုက်တာ ဘယ်ဂိုးသမားမှ ကာကွယ်နိုင်မှာမဟုတ်ပါဘူး။
ဒီလို ကန်ချက်မျိုးတွေ ပီတာခရော့ခ်ျဟာ လီဗာပူးနဲ့ စပါးမှာတုန်းက ကန်ယူ ဂိုးသွင်းခဲ့ဖူးတယ်ဆိုတာကို ပရီမီ ယာလိဂ်ချန်နယ်ရဲ့ Review တင်ဆက်မှုမှာ ပြသသွားခဲ့ပါ တယ်။
တော်ပါသေးတယ်။
ယာယာတိုရေးရဲ့ အဝေးက လှမ်းကန်ချက် ဂိုးဝင်သွား လို့ မန်ချီနီ တစ်မှတ်ရသွား ခဲ့တာ။
မနှစ်တုန်းကလည်း စတုတ်ကွင်းမှာ မန်ချီနီ ဟာ အခုလို ၁-၁ သရေ ပဲ ကစားနိုင်ခဲ့တာ ပါ။
အဲဒီ အချိန်မှာ ဆရာကျတဲ့ ဖာဂူဆန်ဟာ အိမ်ကွင်းမှာ ဖူလ်ဟမ်နဲ့တွေ့နေတာပါ။
အိမ်ကွင်းပွဲ ဖြစ်နေချိန်မှာ ဖာဂူဆန် ပိုသာသွားတာက တနင်္လာနေ့ပွဲဖြစ်နေခဲ့ ပါတယ်။
မန်ချီနီကန်တဲ့ ရလဒ်သိပြီးမှ ကန်ရလို့ ပြင်ဆင်ချိန်က အလုံအလောက် ကိုရခဲ့ပါတယ်။
ဂုရုကြီးဟာ ဖူလ်ဟမ်ကို သတိ ထားကစားရင်း ၁-၀ နဲ့ အနိုင်ယူ သွားခဲ့ပါတယ်။
ရော်သ်လီပြောတဲ့ ဒုတိယရာသီဝက်အရည်အသွေးဆိုတာ ဒါပါလားလို့လည်း သတိထားစရာဖြစ်ခဲ့ ပါတယ်။
စတုတ်ကို သရေကျလို့ သတ်ကွင်းထဲ ပိုရောက်သွားတဲ့၊မန်ချီနီဟာ ဆန်းဒါးလန်းပွဲမှာလည်းကျရော ပိုဆိုးသွားခဲ့ရပြီဖြစ်ပါတယ်။
အိမ်ကွင်းမှာ ရာနှုန်းပြည့် အနိုင်ယူထားတဲ့မန်စီးတီး ဟာ ဆန်းဒါးလန်းကိုတော့ နိုင်မှာပဲလို့ ထင်ခဲ့ကြပေမယ့် အကောင်းဆုံး စွမ်း ဆောင်ရည်က မန်စီးတီးမဟုတ်ဘဲ ဆန်းဒါးလန်းဖြစ်ခဲ့တော့ မန်ချီနီ ဒုက္ခ တွေ့သွားရပါတော့တယ်။
ဆန်းဒါးလန်း ရဲ့ ချာတိတ်တွေကလည်း ပလူပျံနေ အောင် ကောင်းလိုက်ကြတာ ၃-၁ နဲ့ကို မန်စီးတီးရှုံးလို့ မန်ချီနီကိုယ်တိုင် မချင့်မရဲ စိတ်တွေဖြစ်နေတာ အတိုင်းသားမြင်နေ ခဲ့ရပါတယ်။
ဒုတိယပိုင်းရောက်တာတောင် မန်စီးတီးကစားပုံမကောင်းခဲ့ တာ မိနစ် ၈၀ လောက်မှ ကစားပုံပြန် ကောင်းလို့ ပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်သွား ခဲ့ပါတယ်။
တချို့သော စီးတီးပရိသတ်တွေဟာ ၃-၁ နဲ့ ရှုံးသွားပါပြီလို့ ထင်ခဲ့ ကြပြီး ကွင်းထဲက ထပြန်ကြတော့မှ မန်စီးတီးက ထပြီးကောင်းပြ လိုက်တာ နောက်ဆုံး ၃-၃ သရေကျသွားခဲ့ပါတယ်။
ဘာလော့တယ်လီကတော့ အနိုင်ရလို စိတ်တွေအောက်မှာ ငြိုငြင်ခံလူ တစ်ယောက်ဖြစ်ခဲ့တာက ခြွင်းချက်လို့ပဲ ဆိုရပါမယ်။
ပွဲပြီးတော့ မန်စီးတီး ၇၁ မှတ်တဲ့။
အဲဒီအချိန်မှာ မန်ယူက မကန်ရ သေးပါဘူး။ တနင်္လာမှ ကန်ရမှာပါ။
တနင်္လာမှာ ဘလက်ဘန်းကွင်းမှာ ကန်လိုက်တော့ မန်ယူက ၂-၀ နဲ့ နိုင်လိုက်လို့ မန်ယူ ၇၆ မှတ်ရသွားပြီဖြစ်ပါတယ်။
တစ်မှတ်ဖြတ်၊ နှစ်မှတ်ဖြတ်နဲ့ ဖာဂူဆန် အခုတော့ ငါးမှတ်ဖြတ်လိုက်ပြီဖြစ်ပါတယ်။
သတ်ကွင်းထဲကို ရောက်မှန်းမသိ ရောက်သွားတဲ့ မန်ချီနီအရှုံးပေးရဖို့ အချိန်က နီးသထက်နီးလာနေတဲ့ အနေ အထားမှာ မန်ယူ ကတော့ ချန်ပီယံ ၂၀ အင်္ကျီတွေတောင် ရောင်းနေပါပြီ။

 မြန်မာတိုင်းမ်မှ

No comments:

Post a Comment