မနာလိုဖြစ်နေတဲ့ငတိတွေကို ဘယ်လိုရင်ဆိုင်မလဲ?
[သွန်းနေစိုး]
April 18, 2012 ရက် ၊ 7:19 တွင် ++mg thet++ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
မိတ်ဆွေ။ ။ ခင်ဗျားဟာ အောင်မြင်သူတစ်ယောက်ဖြစ်ပါသလား? ဒါဆို ကျိန်းသေတယ်။ ခင်ဗျားကို မုန်းတဲ့သူ ကျိန်းသေကို ရှိလိမ့်မယ်။ ဟော့ဒီစာကို အေးအေးဆေးဆေး ထိုင်ဖတ်နေနိုင်ပြီဆိုကတည်းက ခင်ဗျားရဲ့ဘ၀ အဆင်ပြေတယ်လို့ ယေဘုယျပြောလို့ရမယ်နော်။ အပြင်မှာ ခင်ဗျားလို အေးအေးလူလူ မနေနိုင်တဲ့သူတွေအများကြီး။ သူတို့ထဲမှာ ခင်ဗျားကို မုန်းတဲ့သူ အနည်းဆုံး တစ်ယောက်လောက်တော့ ရှိနေမယ်လို့ ပြောရင် သင်လက်ခံမှာလား?
တစ်ခါတစ်လေ မနာလိုခံရခြင်းဟာ သင့်အတွက် စိတ်အနှောင့်ယှက်ကြီးစွာ ဖြစ်စေတတ်တယ်။
ဒါပေမဲ့ တစ်ခုလေးတော့ သတိပြုဖို့လိုလိမ့်မယ်။ မနာလိုခံရခြင်းဆိုတာ အောင်မြင်မှုရဲ့ ဖွားဘက်တော်ပဲ။
ဒါဟာ အောင်မြင်မှုနဲ့ တစ်တွဲတည်းပါလာတဲ့အရာလည်းဖြစ်တယ်။ ဒီတော့ ခင်ဗျားဘာလုပ်ရမလဲ သိလား။
လက်ခံလိုက်။ ရှောင်မနေနဲ့ လက်ခံလိုက်ပါ။
ဟော့ဒီမှာ ခင်ဗျား ငတ်ပြတ်နေသလား? ချုံးချုံးကျနေသလား? လောကဓံတရား၈ပါးလုံးနဲ့ ကြုံနေရသလား?
ခင်ဗျားကို မနာလိုဖြစ်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။
မနာလိုဖို့ မပြောနဲ့ ခင်ဗျားနားတောင် တစ်ယောက်မှ မသီကြဘူး။
အေး လူတွေက ခင်ဗျားအကြောင်း အတင်းအဖျင်းကို မြိန်ရေရှက်ရေပြောနေပြီဆိုရင်
ခင်ဗျားလုပ်သမျှ ဆီလိုအပေါက်ရှာကဲ့ရဲ့ဖို့ပြင်နေပြီဆိုရင် ဒါဆို ကျိန်းသေတယ်။
ခင်ဗျားအောင်မြင်နေလို့ပဲ။ အဲဒီတော့ လက်ခံလိုက်ပါ။
မနာလိုတဲ့သူဆိုတာ ဘယ်လိုလူစားမျိုးလဲ?
အမျိုးမျိုးဖြစ်နိုင်တယ်။ ယုတ်စွအဆုံး ခင်ဗျား မိသားစုထဲကတောင် ရှိကောင်းရှိလိမ့်မယ်။
သူတို့က ခင်ဗျားကို မနာလိုနေပါတယ်လို့တော့ ဘယ်တော့မှ ထုတ်ပြောလိမ့်မှာ မဟုတ်ဘူး။ မနာလိုမှုကို လူတွေပြတတ်တဲ့ပုံစံ အဓိကသုံးမျိုးရှိတယ်။
က။ အမုန်းနဲ့ ပြတယ်။
နေရင်းထိုင်ရင်းနဲ့ ခင်ဗျားကို တူးတူးးခါးခါးမုန်းလာတာ ခံရလိမ့်မယ်။
ခ။ ဝေဖန်ခြင်းနဲ့ ပြတယ်။
ခင်ဗျားလုပ်သမျှ လိုက်ဝေဖန်နေတော့တာ။ နောက်ပိုင်းမှာ ဒါဟာ အတင်းတုပ်သလိုပုံစံမျိုးအဖြစ် ကူးပြောင်းသွားတတ်တယ်။ နောက်ပိုင်းမှာတော့ ရိုင်းစိုင်း စော်ကားမှုတွေပါ ပါလာတတ်တယ်။
ဂ။ မခံမရပ်နိုင်ဖြစ်ခြင်းနဲ့ ပြတယ်။
တစ်ခါတစ်လေ ခင်ဗျားကိုယ်တိုင်တောင် အံ့သြသွားမိရအောင် ခင်ဗျားရဲ့ ဘာမဟုတ်တဲ့ ပြုမူပြောဆိုမှုလေးတွေက သူ့အတွက် ဆတ်ဆတ်ခါသွားတာမျိုး တွေ့ကြုံရတတ်ပါတယ်။
ဟုတ်ပြီ။
ဒီတော့ အဲဒီလို မနာလိုဖြစ်နေတဲ့သူတွေနဲ့ ဘယ်လို ဆက်ဆံမလဲ?
အဲဒါကို သင်စဉ်းစားတဲ့အခါ အဲဒီ (မနာလိုဖြစ်နေသူ) ဟာ သင့်အတွက် ဘယ်လောက်အရေးပါသလဲ ဆိုတာနဲ့ တိုင်းတာပါတယ်။
တကယ်လို့ ခင်ဗျားအတွက် ဘာမှ အရေးမပါတဲ့သူဆိုရင် ...
သူ့ကို သူ့မီးလျှံနဲ့သူ လောင်ကျွမ်းနေပါစေ။ ခင်ဗျားရဲ့ ရန်သူကို အကောင်းဆုံးတိုက်ခိုက်ခြင်းပါပဲ။ ခင်ဗျားအကြောင်း သတင်းကောင်းတွေ သူများများကြားသိရစေအောင် ပို့ဆောင်ပေး။ ဒါဆို သူ့လုပ်ကိုင်ဆောင်ရွက်မှုမှာ အမှားမှားအယွင်းယွင်းတွေ ဖြစ်လာမယ်။
ဒီလိုဖြစ်လာလေ သူ ပိုရှုံးနိမ့်သွားဖို့ နီးလေပေါ့။ ကမူးရှုးထိုးနဲ့ သူ့လုပ်ဆောင်ချက်တွေဟာ သူ့ကို ခင်ဗျားထက်ပိုနိမ့်သထက် နိမ့်ပါးစေပါလိမ့်မယ်။
တကယ်လို့ ခင်ဗျားအတွက် အလေးထားစရာလူဆိုရင်တော့ ...
သူ ခင်ဗျားကို မနာလိုဖြစ်နေကြောင်း ဘယ်တော့မှ ထုတ်မပြောမိပါစေနဲ့။ ခင်ဗျားနဲ့ ဆက်ဆံရမှာ သူ သက်တောင့်သက်သာ ရှိပါစေ။
သူခင်ဗျားကိုပြောတဲ့ အတင်းအဖျင်းစကားတွေကိုတော့ ခင်ဗျားကြားကြောင်း ပေါ့ပေါ့ပါးပါးပြောပြပါ။
ပြီးတော့ သူကို လေးလေးစားဆက်ဆံပေးပါ။
ဒါမှမဟုတ် ခင်ဗျားအတွက် အထူးအလေးထားရမယ့်သူဆိုရင်တော့ ...
ခင်ဗျားသူ့ကို ကူညီပေတော့။
ခင်ဗျားကြောင့် သူ အောင်မြင်သွားအောင် ကူညီပါ။
သူ့ကို အဟုတ်အဟတ် စေတနာထားပါ။ သူ့အကြောင်းကို စိတ်ဝင်စားပ
သူနဲ့တွေ့တဲ့အခါတိုင်းမှာ ခင်ဗျားအကြောင်းထက် သူ့အကြောင်းကိုပဲ စိတ်ဝင်စားစွာ ရေးကြီးခွင်ကျယ်လုပ် ပြောမိပါစေ။
ဒီလို မနာလိုဖြစ်ခံရတာကိုရော ဘယ်လိုရှောင်ရှားမလဲ?
တတ်နိုင်သမျှ ၀ံ့ဝါပလွှားစွာ မနေနဲ့လို့ တိုက်တွန်းချင်ပါတော့တယ်။
ဒီ့အတွက် ရှောင်စရာလမ်း အတော်နည်းပါတယ်။
မနာလိုဖြစ်သူတွေမှာ စိတ်ပညာသဘောအရ အကြောင်းရင်း ၄ရပ် ရှိတတ်တယ်။
၁) ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ကင်းမဲ့ခြင်း။
မိမိအစွမ်းကို ယုံကြည်စိတ်နည်းပါးသူများဟာ အဓိက မနာလိုဖြစ်တတ်လေ့ရှိတယ်။ သေချာတာက သင့်ထက် အဘက်ဘက်ကသာနေသူတစ်ယောက်ဟာ သင့်ကို ဘယ်တော့မှ မနာလိုဖြစ်မှာ မဟုတ်ဘူးဆိုတာပါပဲ။
၂) အတ္တပုံရိပ် နိမ့်ပါးခြင်း။
ခုနအထက်က အချက်နဲ့ ဆင်တူသယောင်ရှိပါတယ်။ ဒါပေမဲ့ ဒီအချက်က အားနည်းချက်ရှိသူတွေကို ဆိုလိုတာပါ။ ပုံပြင်ထဲက ဘဲရုပ်ဆိုးလေးလိုပေါ့။ ကိုယ့်ကိုယ်ကိုသိမ်ငယ်ရှက်ရွံခြင်းကနေ တပါးသူ (ပြည့်စုံနေသူ) အပေါ် မနာလိုခြင်း ဖြစ်စေတတ်ပါတယ်။
၃) ကြောက်စိတ်။
မနာလိုခြင်းကို ဖြစ်ပေါ်စေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုက ကြောက်စိတ်ပါပဲ။ နိုင်သူ အကုန်ယူသွားမလားဆိုတဲ့ ခံစားချက်။ တစ်နည်းပြောရရင် မဟာသမုဒ္ဒရာရေ တစ်ယောက်တည်း သောက်လို့ မကုန်နိုင်ဘူးဆိုတဲ့ သဘောမျိုးမထားနိုင်တဲ့ စိတ်မျိုးပေါ့။
၎) မလုံခြုံစိတ်။
အပေါ်က အချက် ၃ခုလုံးနဲ့ နှီးနွယ်နေပါတယ်။ မိုးပြိုမှာ ကြောက်တဲ့စိတ်လို့ ပြောရမလား? ကိုယ့်ကိုယ်ကိုမယုံကြည်ခြင်းကလည်း အဲဒီစိတ်ကို မွေးဖွားစေခဲ့တာဖြစ်တယ်။ အဲဒီလို မလုံမခြုံခံစားရမှုကနေ ကြောက်စိတ်။ နောက်တော့ သူများအပေါ် မနာလိုစိတ်ကို မွေးဖွားစေခဲ့တော့တယ်။
ဒီလောက်ဆိုရင် မနာလိုခြင်းအကြောင်း တော်တော်ပြည့်စုံလောက်ပြီထင်ပါတယ်။
ဒီစာစုလေးကနေ မနာလိုခံရခြင်းကသော်လည်းကောင်း ကိုယ်တိုင်မနာလိုမှုတွေနဲ့ လောင်မြိုက်ခြင်းကသော်လည်းကောင်း ရှောင်ရှားပြီး ပေါ့ပါးပျော်ရွှင်နိုင်ကြပါစေ။
[နိုင်ငံရပ်ခြား စာတစ်ပုဒ်ကို ဆီလျှော်အောင် မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ ကျနော်ကတော့ ဒီစာလေး ဘာသာပြန်လို့ ဆုံးသွားတဲ့အခါ ဆိုရိုးလေးတစ်ခုကို ကြားယောင်နေမိလေရဲ့။
မနာလိုကင်း ၀န်တိုရှင်း လက်ငင်းချမ်းသာရ ... တဲ့။ ကျနော့် သူငယ်ချင်းများအားလုံး နှစ်သစ်မှာ ပေါ့ပါးပျော်ရွှင်နိုင်ကြပါစေ။]
သွန်းနေစိုး Thorn Nay Soe
No comments:
Post a Comment