ဒီမိုကရေစီဖော်ဆောင်ရေးအတွက် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုရှိမှသာ ဖော်ဆောင်နိုင်မည် ဖြစ်သည်ဟု သမ္မတပြောကြား
ဇော်ဝင်းသန်း
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)

အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် စစ်တွေမြို့တွင် တည်ငြိမ်းအေးချမ်းရေးအတွက် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
လတ်တလော ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်လာသည့်အတွက် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ် ရေးဆိုင်ရာ လုပ်ငန်းများဆောင် ရွက်ရာတွင် ထိရောက်စွာ စွမ်းဆောင်နိုင်စွမ်းမရှိသောကြောင့် ဇွန်လ ၁၀ ရက်နေ့ မှစပြီး ရခိုင်ပြည်နယ်အား အရေးပေါ် အခြေအနေအဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇွန်လ ၁၀ ရက်နေ့က အမိန့်ထုတ်ပြန်ကြေညာ လိုက်သည်။
ကနဦးအနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အချို့တွင် တည်ငြိမ် အေးချမ်းမှုပျက်ပြားသည့် အခြေအနေများဖြစ်ပေါ်မှုကြောင့် ပြည်သူ များ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဇွန်လ ၈ ရက်နေ့မှစ၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သည်။
သို့သော် ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ခြင်းဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက် နိုင်စွမ်းမရှိသောကြောင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂ ၊ ပုဒ်မခွဲ (က) အရ အရေးပေါ်အခြေအနေ ကြေညာ လိုက်သည်။
ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၃၊ ပုဒ်မခွဲ(က) အရ တာဝန်ထမ်း ဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူ ဆောင်ရွက်မည်ဟု သမ္မတ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အမိန့်ထုတ်ပြန်ချက်သည် ထုတ်ပြန်သည့်နေမှ အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်မှုမရှိမချင်း အတည်ဖြစ်မည်ဖြစ်ပြီး ဥပဒေကဲ့သို့ အာဏာတည် ရမည်ဖြစ်သည်။
ထိုသို့ အရေးပေါ်အခြေအနေ ကြေညာပြီး ထိန်းသိမ်းဆောင်ရွက်လျက် ရှိရာ အကြမ်းဖက်သူများ လူစုလူဝေးဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ လူနေအိမ်များ မီးရှို့ရန် ကြိုးပမ်းခြင်း၊ တစ်ဖက်နှင့်တစ်ဖက် ရန်စောင်ခြင်း စသည်တို့ကို ဥပဒေနှင့် အညီ ဆောင်ရွက်နေကြောင်း ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
သတင်းစာတွင် စစ်တွေမြို့ ဗျိုင်းဖြူရွာနှင့် သံထော်လီရွာတို့၌ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နှစ်ဖက်လူစုလူဝေးအဖွဲ့ များ ခိုက်ရန်ဖြစ်ပွားမည့်အခြေအနေဖြစ် ပေါ်ခဲ့ကြောင်းနှင့် အလားတူ အုန်းတပင် ရပ်ကွက်မှ လူစုလူဝေးအဖွဲ့တစ်ဖွဲ့သည် ဗျိုင်းဖြူရွာသို့ သွားရောက်ခဲ့သဖြင့် လူစုခွဲ ခဲ့ရကြောင်း ဖော်ပြထားသည်။
ထို့ပြင် အဆိုပါနေ့ မွန်းလွဲပိုင်းတွင်မူ စစ်တွေမြို့ ဓည၀တီရပ်ကွက်၌ မီးကွင်း နှင့် အပစ်ခံရသဖြင့် နေအိမ်ခြောက်လုံး မီးလောင် ကျွမ်းခဲ့ကြောင်း၊ ညနေပိုင်း တွင် မူ မကျည်းမြိုင်ရပ်ကွက်ရှိ အဆောက် အအုံတစ်လုံးအား မီးရှို့ရန်ကြိုးပမ်းခြင်း၊ စက်ရုံစုရပ်ကွက်၌ မီးကွင်းပစ်ရန် ကြိုးပမ်းခြင်း၊ ဓည၀တီအကွက်(၇)တွင် မီးကွင်းပစ်ရန် ကြိုးပမ်းခြင်းများကိုလည်း အချိန်မီထိန်းသိမ်းလူစုခွဲခဲ့ရကြောင်း ဖော်ပြထားသည်။ အလားတူ ညနေပိုင်းတွင် ဓည၀တီ (က)နှင့် (ခ)ရပ်ကွက်တို့တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ညနေစောင်းတွင် နာဇီဈေး၌ အင်အား ၄၀၀ ခန့်က ဟစ် အော်ဆူပူမှုများ ကျူးလွန်နေသဖြင့် ထိန်း သိမ်းလူစုခွဲခဲ့ရကြောင်း သိရှိရသည်။
ထို့ပြင် မောင်တောမြို့ ရွာသစ်ကေ နှင့် မြို့မအရှေ့ရပ်ကွက်တို့၌ မသမာသူ များက မိမိတို့နေအိမ်များကို မိမိတို့ကိုယ်တိုင် မီးရှို့ခဲ့ကြ သဖြင့် နေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ပေါက်တောမြို့ ရပ်ကွက် (၃)နှင့် (၄)တို့တွင် နှစ်ဖက်အဖွဲ့များ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် နေအိမ် မီးလောင်ဆုံးရှုံး မှုများရှိခဲ့သည်။
အစိုးရ သတင်းစာပါ ဖော်ပြချက်အရ ရခိုင်ပြည်နယ်အတွင်း လတ်တလော ရုန်းရင်း ဆန်ခတ်ဖြစ်ပွားမှုများကြောင့် ဇွန် ၈ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း လူနေအိမ် ၁,၆၆၂ လုံးမီးလောင်ဆုံးရှုံးခဲ့ ပြီး လူ ၂၁ ဦး သေဆုံးကာ ၂၁ ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။
ဆိုင်ကယ် ၁၈ စီး၊ ဆိုင်ခန်းခြောက်ခန်း၊ ထော်လာဂျီ သုံးစီး၊ စက်ဘီးကိုးစီး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ် ပေါ်နေသော ဖြစ်စဉ်များမှာ ဘာသာ ရေးနှင့် လူမျိုးရေးကို အခြေခံပြီး မကျေ နပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုများကို ရှေ့တန်းတင် လှုံ့ဆော်ဆောင်ရွက်မှုများ ကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန့်ကြီးမား လာခြင်း ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ ဦးသိန်စိန်က ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူ လူထုအား ပြောကြားခဲ့သည်။
"ဒီလိုလူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်း တင်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ်ဆိုရင် ရခိုင်ပြည် နယ်တွင်သာမက ပိုမိုကျယ်ပြန့်ဖြစ်ပွား လာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့်ပယောဂတွေလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလို သာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစ သာ ရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီ ဖောင်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို အားလုံး သတိထားကြစေချင်ပါတယ်" ဟု သမ္မတက ပြောကြားသည်။
ထို့ပြင် အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီး သည့်ကိစ္စရပ်များအပေါ်တွင် ဥပဒေနှင့် အညီ ဖြေရှင်းသွားမည်ဟု ၎င်းကဆက် ပြောသည်။ ထို့ပြင် ဘာသာရေးအဖွဲ့အစည်း များနှင့် ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖ၊ ပြည်သူများနှင့်လည်း ပူးပေါင်းဖြေရှင်း လျက်ရှိကြောင်း ၎င်းကပြောသည်။
"တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးရှိဖို့ ဆိုတာဟာလည်း နိုင်ငံတော် အစိုးရအပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်သူများ အပိုင်းကလည်း အသိတရားနဲ့ ယှဉ်ပြီး ဥပဒေတွေကို လေးစားလိုက်နာ ကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသမားတွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေအားလုံး ရဲ့ အသိတရားနဲ့ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်"ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
No comments:
Post a Comment