Wednesday, August 1, 2012

ပင်လုံစိတ်ဓာတ်နှင့် မခွာသော တန်းတူညီမျှရေးအတွက် ဥပဒေပြဋ္ဌာန်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စိုးသန်းလင်း


ပြည်သူ့လွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ် ပါဝင်ဆွေးနွေးနေသည်ကို ယခုလ ၂၅ ရက်နေ့က တွေ့ရစဉ်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက် သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုနှင့် ပတ်သက်၍ ထောက်ခံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ - အေအက်ဖ်ပီ
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် ပင်လုံစိတ်ဓာတ်နှင့် ကွာခြား၍မရသည့်၊ ခွာလို့မရသည့် တန်းတူညီမျှရေး၊ အပြန်အလှန်လေးစား ယုံကြည်ရေးတို့ကိုအခြေခံ၍ ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ ပြဋ္ဌာန်းခြင်းတို့ ဆောင်ရွက်ကြဖို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး ၁၄ ရက်မြောက်နေ့တွင် လွှတ်တော်၌ တိုက်တွန်းပြောကြား ခဲ့သည်။
"တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ခြင်း ဆိုတာဟာ ဘာသာစကား၊ ယဉ်ကျေးမှုထိန်းသိမ်းခြင်းထက် များစွာ ပိုပြီးတော့ ကျယ်ပြန့်နက်နဲပါတယ်။ ဒါကို ထောက်ထားပြီးတော့ ပင်လုံ စိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး၊ အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းခြင်း၊ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလိုပြုပြင်ခြင်း၊ လိုအပ်သလို ပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ဖို့ တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့အဆိုကို ထောက်ခံ ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။
ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်၏ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့် ရှောက်သည့်ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၃ ရက် မြောက်နေ့တွင် လွှတ်တော်ကိုယ်စား လှယ်များက စတင်ဆွေးနွေးခဲ့ကြပြီး ယခု ၎င်းအစည်းအဝေး ၁၄ ရက် မြောက်နေ့၊ ဇူလိုင် ၂၅ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ဆက်လက် ဆွေးနွေးခဲ့ကြရာ ဆွေးနွေးခဲ့ကြသူ ကိုးဦးတို့ အနက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အင်န်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော မဟာအောင်မြေ မဲဆန္ဒနယ်မှ ဦးအုန်းကြိုင်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦးကျော်သီဟနှင့် ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးမင်းသူတို့လည်း ပါဝင်ခဲ့ကြသည်။
အင်န်အယ်လ်ဒီအမတ်ဦးရေ တစ်နေ့တည်း အများဆုံးပါဝင်ဆွေးနွေးခဲ့သည့် အဆိုပါဆွေးနွေး ပွဲသည် ဒေါ်အောင်ဆန်းစုကြည် အတွက် လွှတ်တော်အစည်းအဝေး၌ ပထမဆုံးပါဝင် ဆွေးနွေးခြင်းဖြစ်ပြီး သူမ၏ သုံးမိနစ်ခန့်သာကြာသော ဆွေးနွေးချက်များတွင် ပြည်နယ်များရှိ တိုင်းရင်းသားများ၏ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းများကို ဖော်ပြပြီး နှိုင်းယှဉ် ပြောကြားမှုများလည်း ပါဝင်ခဲ့သည်။
"ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုတွေနဲ့ ပတ်သက်လို့ အဆိုးရွားဆုံးဒေသတွေဟာ ပြည်နယ်ဒေသတွေဖြစ်ပါတယ်။ ချင်းပြည်နယ် ဆိုလို့ရှိရင် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အခုနောက်ဆုံး ကိန်းဂဏန်းများအရ ၇၃ ဒသမ ၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဆိုရင် ၄၆ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇ ဒသမ ၂ ရာခိုင်နှုန်း၊ ရှမ်းတောင်ဆိုရင် ၂၅ ဒသမ ၁ ရာခိုင်နှုန်းရှိတော့ ရှမ်းပြည်နယ်ရဲ့ ပျမ်းမျှ ဆင်းရဲ မွဲတေမှုဟာ ၃၉ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုကတော့ ၄၃ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ "....မြန်မာတစ်နိုင်ငံလုံးရဲ့ ဆင်းရဲမွဲတေမှု နှုန်းက ၂၅ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်တာကြောင့် မို့လို့ ဒီပြည်နယ်တွေရဲ့ ဆင်းရဲမွဲတေမှုဟာ မြင့်တယ်ဆိုတာ မြင်ရပါတယ်။ ထို့အတူ ကချင် ပြည်နယ်မှာလည်း ၂၈ ဒသမ ၆ ရာခိုင်နှုန်းဖြစ်လို့ တစ်နိုင်ငံလုံးပျမ်းမျှထက် မြင့်နေပါတယ်။
မွန်၊ ကယားနဲ့ ကရင်ပြည်နယ်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်း အားဖြင့် ကျွန်မတို့ပြည်နယ် တွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုအခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါ့အပြင်လည်း ကျွန်မတို့ရဲ့နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်း သွားတယ်ဆိုတာ မရှိခဲ့ဖူးပါဘူး"ဟု ၎င်းက ထည့် သွင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ ပြည်နယ်ဒေသတို့ရှိ တိုင်းရင်းသား များ၏ ဆင်းရဲမွဲတေခြင်းသည် တစ်နိုင်ငံလုံး ပျမ်းမျှ ဆင်းရဲမွဲတေမှုနှုန်းနှင့် ယှဉ်လျှင် ပို၍ မြင့်မားနေခြင်းကို ထောက်ထား၍လည်းကောင်း၊ လူမျိုးရေး ပဋိပက္ခအသွင်ကြောင့် အရေးပေါ်အခြေအနေကြေညာထားရသော ရခိုင်ပြည်နယ် အပါအ၀င် ပြည်တွင်း စစ်မီးများ ကြုံတွေ့နေရဆဲဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့၌ ပုံမှန် လူမှုစီးပွား လုပ်ငန်းများ ရပ်ဆိုင်းနေရသည့် အခြေအနေများကို စာနာ၍လည်းကောင်း၊ တိုင်းရင်းသားအားလုံး ပြည်မနှင့် တန်းတူ အခွင့်အရေး များရရှိရေးကို ရည်ညွှန်းလျက် ၎င်းက တိုက်တွန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုလို့ရှိရင် 'တိုင်းရင်းသားလူမျိုးများ' ဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပာယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေအရ ဆိုရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်ကစပြီး ယနေ့နိုင်ငံမှာ မှီတင်းနေထိုင်ခဲ့တဲ့ လူမျိုးများကို ဆိုလိုတာလို့ အဓိပ္ပာယ်ဖော်ထားပါတယ်။
အဲဒီထဲမှာ ဗမာတွေလည်းပါပါတယ်။ အခုဆွေးနွေးချက်တွေအရ (ရှေ့ပိုင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးချက်တွေအရ) ဆိုရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ မှတ်ယူ ရပါတယ်" ဟုလည်း တိုင်းရင်းသားလူမျိုးများ ဆိုရာတွင် ဗမာလူမျိုးလည်း ပါဝင်သည့် အတွက် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်သည့်ဥပဒေ ပြဋ္ဌာန်းသည့်အခါ ဗမာအပါအ၀င်တိုင်းရင်းသားအားလုံး ပင်လုံ စိတ်ဓာတ်နှင့် မခွာသော တန်းတူ အခွင့်အရေး ရရှိနိုင်အောင် ရေးဆွဲ ပြဋ္ဌာန်းဖို့လိုကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးတီခွန်မြတ်၏အဆိုကို ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရန် အမည် စာရင်းပေးထားသူ ၂၇ ဦးရှိပြီး ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် လွှတ်တော် ကိုယ်စားလှယ် ၂၀ ခန့်တို့ ဆွေးနွေးခဲ့ကြရာ ၎င်းအစည်းအဝေး ၁၅ ရက် မြောက်နေ့တွင် ဆက်လက်ဆွေးနွေးကြဦးမည်ဟု သိရသည်။
Myanmar time

No comments:

Post a Comment