Saturday, August 4, 2012

ရခိုင်ပြည်နယ်တွင် ပုံမှန်အနေအထားသို့ ပြန်ရောက်ရှိနေပြီး အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွား စေရန် စီမံကိန်းရေးဆွဲနေ

ဇော်ဝင်းသန်း
ရခိုင်ပြည်နယ်အတွင်း အခြေအနေ အရပ်ရပ်မှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အလားတူ အကြမ်းဖက် မှုများ ဆက်လက်မဖြစ်ပေါ်ရန် စီမံကိန်းရေးဆွဲနေပြီး အဆိုပါကိစ္စရပ်များကို ဘာသာရေး ပြဿနာတစ်ရပ်အသွင် ဖော်ဆောင်နေမှု များကို လုံးဝပယ်ချကြောင်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီး ဌာနရုံးတွင် ကျင်းပသည့် ရခိုင် ပြည်နယ်အရေး အထူးသတင်းစာရှင်း လင်းပွဲတွင် ပြောသည်။
မေလ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ် ဖြတ်ခဲ့ခြင်းနှင့်ဆက်စပ်ပြီး ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့နယ် အတွင်း ခရီးသည်တင်ဘတ်စ်ကားပေါ် မှ ခရီးသည် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါအဖြစ်အပျက်နှစ်ခု ဖြစ်ပေါ် ပြီးနောက် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်မြို့များ၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သူများက နေအိမ်များ၊ ဈေးဆိုင်များနှင့် တည်းခိုခန်း များကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း တို့ ကျူးလွန်ခဲ့ကြ ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
"အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးက ၇၇ ဦးသေဆုံးပြီး ၁၀၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ စုစုပေါင်း လူနေအိမ် ၄,၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းနဲ့ စာသင်ကျောင်းသုံးကျောင်း မီးလောင်ပျက်စီး သွားခဲ့ပါ တယ်" ဟု ၎င်းက ပြောကြားသည်။
အကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန် မှာပင် ဆူပူမှုဖြစ်ပွားရာနေရာများ၌ အစိုးရက ချက်ချင်းအရေးယူဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ပြည်သူများသိရှိရန် ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခဲ့ ကြောင်း ၎င်းက ပြောသည်။
အဆိုပါအကြမ်းဖက်မှု အဖြစ်မှန်ဖော် ထုတ်ရေးနှင့် ပြစ်မှုကျူးလွန်သူများအား အရေးယူနိုင်ရန်အတွက် ဇွန်လ ၆ ရက်နေ့ က ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့စည်း ခဲ့သည်။
ထို့ပြင် သမ္မတဦးသိန်းစိန်ကလည်း ပြည်သူများသို့ မိန့်ခွန်းတစ်ရပ် ပြောကြား ကာ အခြေအနေအရပ်ရပ်အား သည်းခံကြရန် ပြော ကြားခဲ့သည်။
ထို့ပြင် အကြမ်း ဖက်မှုများ အဆုံးသတ်ရန်အလို့ငှာ ဇွန်လ ၁၂ ရက်နေ့တွင် အရေးပေါ်အခြေ အနေကို သမ္မတရုံးက ထုတ်ပြန်ကြေညာ ခဲ့ကာ ပြည်နယ်တွင်း အုပ်ချုပ်ရေးတာဝန် ကို တပ်မတော်က ရယူဆောင်ရွက်ခဲ့ သည်။
အကြမ်းဖက်မှုများသည် ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ်အနည်းငယ်၌ ပေါ်ပေါက်ခဲ့သည့် အုပ်စုချင်း အကြမ်းဖက်မှုသာ ဖြစ်ကြောင်း နှင့် ဖြစ်ရပ်မှန် အခြေအနေများကိုထောက်ရှု၍ ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်နေသည့် ကိစ္စရပ်အား အချို့အသိုင်းအ၀ိုင်းများက ဘာသာ ရေးပြဿနာတစ်ရပ်အဖြစ် နိုင်ငံရေး အသွင်နှင့် နိုင်ငံတကာကိစ္စရပ်အသွင် ဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို မြန်မာနိုင်ငံမှ လုံးဝပယ်ချ ကြောင်း ဦးဝဏ္ဏမောင် လွင်က ပြောကြားသည်။
"အကြမ်းဖက်မှုကို သုံးသပ်ကြည့်မယ် ဆိုရင် တစ်ဦးနဲ့တစ်ဦး ဘာသာရေးအယူ အဆ ကွဲပြားခြင်းနဲ့ အထင်အမြင်လွဲမှား မှုမှ မုန်းတီး ခြင်း၊ လက်တုံ့ပြန်ခြင်း၊ လက် စားချေခြင်းများကြောင့် ဥပဒေမဲ့စရိုက် များ ပျံ့နှံ့ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအကြမ်း ဖက်မှုတွေကြောင့် ထိခိုက်နစ်နာသူတွေ မှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် အသိုင်း အ၀ိုင်း နှစ်ဖက်စလုံးမှဖြစ်တာကို တွေ့ရှိ ရတဲ့တွက် ဒီအကြမ်းဖက်မှုက ဘာသာ ရေး၊ ဖိနှိပ်ညှဉ်းပန်းမှုနဲ့ ပတ်သက်မှုမရှိ ကြောင်း ထင်ရှားပါတယ်။နောက် မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။
အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သူ ရခိုင်အမျိုးသား ၁၄,၃၂၈ နှင့် မွတ်စလင် ဘာသာဝင် ၃၀,၇၄၀ တို့အတွက် အစိုးရ က ကယ်ဆယ်ရေးစခန်း ၈၉ ခု တည် ဆောက်ပေးထားသည်။
"အခုအခြေအနေ ပြန်လည်ကောင်း မွန်လာပြီဖြစ်တဲ့အတွက် သူတို့နေရပ် ဒေသတွေကို ပြန်လည်ရွှေ့ပြောင်းနေ ကြပါပြီ"ဟု ဦးဝဏ္ဏမောင်လွင်က ပြော ကြားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၀န်ကြီး ဦးခင်ရီက ယခုကဲ့သို့ အကြမ်းဖက်မှုပြဿနာများ ဆက်လက် မဖြစ်ပေါ် စေရန် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း ကာ ဆောင်ရွက်ရန်အတွက် စီမံကိန်း ရေးဆွဲနေပြီဖြစ်ကြောင်း ပြောသည်။
"ဒီလိုပြဿနာမျိုး နောက်မဖြစ် အောင် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပေါင်း ပြီး လုပ်ဆောင်ဖို့နဲ့ ကိုယ့်တိုင်းပြည်မှာ ရပ် တည်နေတဲ့အဖွဲ့အစည်းတွေ အချင်း ချင်း ရင်းနှီးချစ်ခင်အောင် စီမံကိန်းရေးဆွဲ နေပါတယ်"ဟု ဦးခင်ရီက ပြောသည်။
"ရုတ်ရုတ်သဲသဲဖြစ်နေတော့ သူ့လူ ကိုယ့်လူ ခွဲနိုင်ဖို့အတွက် မှတ်ပုံတင်စစ် တာပါ။ တခြားကခိုးဝင်တဲ့သူတွေများ ရှိနေလား။ ဒီမှာပဲ နေတဲ့ ဘင်္ဂါလီတွေ လား၊ ရခိုင်တိုင်းရင်းသားတွေလည်း ဒီမှာ ရှိတဲ့အရေအတွက်နဲ့ မှန်သလားပေါ့။ ကျွန်တော်တို့အခေါ်အရတော့ ဆွဲတင် စစ်ခေါ်ပေါ့။ မြေပုံဆွဲ၊ အိမ်ပေါ် လူဦးရေ တင်တယ်။ မှန် မမှန် ပြန်စစ်တာပါ။ လူဦးရေနဲ့ပတ်သက်လို့ ဒါအမှန်ဆုံးပဲ။ အဲဒီလို စစ်ရတဲ့သဘောပါ"ဟု ဦးခင်ရီက ပြောသည်။
ထို့ပြင် နိုင်ငံသားနဲ့ပတ်သက်ပြီး ကတ် ပြားများ ထုတ်ပေးရာတွင် မွေးရာပါ နိုင်ငံ သား၊ ဥပဒေအရ နိုင်ငံသားဖြစ်သည့်သူများကို ပန်း ရောင်ကတ်ပြားများ ထုတ်ပေးထားကြောင်းနှင့် ဧည့်နိုင်ငံသားမှာမူ ဧည့်သည်သာဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ၎င်းက ရိုဟင်ဂျာဆိုသည့် အသုံး အနှုန်းမှာလည်း မြန်မာတိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးတွင် လုံးဝမရှိကြောင်းနှင့် မြန်မာနိုင်ငံ တွင် ၁၈၂၄ ခုနှစ်မတိုင်မီက မည်သည့်နိုင်ငံခြားသားမျှ မရှိကြောင်း ပြောသည်။
ရခိုင်ပြည်တွင်းအခင်းနှင့် ပတ်သက် ပြီး နိုင်ငံတကာလူ့အခွင့်အရေး ကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့များက ပွင့် လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားမှုကို ဦးခင်ရီ က ယခုပြဿနာသည် ပြည်တွင်းရေးသာ ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာမဟုတ်ကြောင်း ပြောကြား သည်။
"နိုင်ငံတော်အစိုးရက ဘယ်လိုဆုံး ဖြတ်လဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့ ပြည်တွင်းမှာ ဟိုးရှေး အစဉ် အဆက်ကနေခဲ့တဲ့ ဘင်္ဂါလီလူမျိုး တွေ၊ ရခိုင်တိုင်းရင်းသားတွေ၊ တစ်အိမ်တည်းမှာနေတဲ့ ညီအစ်ကိုတွေရန်ဖြစ်ကြတာပဲ။ ဒါက ပြည်တွင်းပြဿနာသာ ဖြစ်ပါတယ်။ ခိုးဝင်တဲ့သူတွေရှိနေတယ် ဆိုတာကလည်း ဒါက နှစ်နိုင်ငံသဘော တူစာချုပ် ချုပ်ဆို တားဆီး ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါက ဒေသတွင်း ပြဿနာမဟုတ်ဘူး။ နိုင်ငံတကာ ပြဿနာလည်း မဟုတ်ဘူး"ဟု ဦးခင်ရီ က ပြော သည်။
မြန်မာတိုင်း(မ်)စာမျက်နှာ-အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ ) မှတဆင့်ဖော်ပြသည်။

No comments:

Post a Comment