ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်တစ်ခုကို ဖောက်ဖျက်မှုဖြင့် ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်နှစ်စောင်၏ ထုတ်ဝေ ခွင့်များကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သက်ဆိုင်ရာဌာနက ထုတ်ပြန်ခဲ့သည်။
၎င်းထုတ်ပြန်ချက်အပေါ် ပြည်တွင်း၊ ပြည်ပမီဒီယာဌာနများစွာနှင့် စာနယ် ဇင်းအဖွဲ့အစည်းအသီးသီးက အမျိုးမျိုး အဖုံဖုံ ဝေဖန် တိုက်ခိုက်ခဲ့ကြသည်။ အချို့က ပြန်ကြားရေးဝန်ကြီးဌာန၏ တရားလက်လွတ် အရေးယူမှုဟု ဆိုသည်။
အချို့က ဦးတည်ရာ လမ်းပျောက် သွားခြင်းဟု ဝေဖန်သည်။ အချို့က ခေတ်ပြောင်း စနစ်ပြောင်းနှင့်နိုင်ငံရေး အခင်းအကျင်းသစ်ကို နားလည်မှု မရှိဘဲ ၎င်းတို့၏ အခန်းကဏ္ဍ မှေးမှိန် သွားမည့်အရေးကိုသာပူပန်ဆောင်ရွက် ခြင်းဖြစ်သည်ဟု စွပ်စွဲသည်။
အချို့က နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များနှင့်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု ကို နည်းမျိုးစုံဖြင့် ဟန့်တားခြင်းဟု ဆိုသည်။
အချို့က ဒီမိုကရေစီစနစ်ကို တကယ်သွားနေတယ်ဆိုတာကို ပြန် ကြားရေးဝန်ကြီးဌာနကော သိရဲ့လားဟု ပြက်ရယ်ပြုသည်။
အချို့က နိုင်ငံတကာ က စောင့်ကြည့် နေတဲ့ အပြုသဘောအမြင်တွေ၊ အဆိုး မြင်ရှုထောင့် တွေမှာ ပြန်ကြားရေးဝန်ကြီး ဌာန၏ လုပ်ရပ်က အဆိုးမြင်ရှုထောင့် တွေကို အနိုင်ပေးကြောင်း သက်သေပြ သလိုဖြစ်နေသည်ဟု တိုက်ခိုက်သည်။
အချို့က ထုတ်ဝေခွင့်များကို ရက်အကန့် အသတ်မရှိ ပိတ်ပင်ခြင်း ဖြစ်သည်ဟု မီးလောင်ရာလေပင့် ဆိုကြပြန်သည်။
လူ့ပတ်ဝန်းကျင်တစ်ခုအတွင်း အဖွဲ့အစည်းတစ်ခုသည် ကြီးမားသော လုပ်ငန်းကိုဖြစ်စေ၊ သေးငယ်သော လုပ်ငန်းကိုဖြစ်စေ အောင်မြင်ရန် အတွက် လုံ့လ၀ီရိယ ထုတ်ဆောင်ရွက်ရာ၌ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက် နှင့်တစ်ဖက် တွေ့ဆုံဆွေးနွေးခြင်း၊ အပြန် အလှန် နားလည်မှုရရန် ညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုသည် တို့ကို မဖြစ်မနေ လုပ်ဆောင်ကြရသည်။
ယခုအခြေအနေ၌ အထက်တွင် ရေးသားဖော်ပြခဲ့သကဲ့သို့ စွပ်စွဲ ဝေဖန်ပုတ်ခတ် ပြောကြားခဲ့မှုများမှာ ပြန်ကြားရေးဝန်ကြီးဌာနအဖို့ အထူး ပင်စိတ်မကောင်းစရာဖြစ်ခဲ့ရသည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာပေ လောကသားများသည် မည်သည့်အရာတွေကို အတိတ် က ဆောင်ရွက်ခဲ့ကြ ပါသနည်း။
တစ်နည်းအားဖြင့် ပြန် ကြားရေးဝန်ကြီးဌာနနှင့် စာပေလောက သားများ တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံ ဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်မှု ရရန် ညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင် ရွက်ခြင်းတို့ကို မည်သို့ လုပ်ဆောင်ခဲ့ကြပါ သနည်း။
အကျဉ်းမျှပြန်လည် ဖော်ထုတ်တင်ပြလိုသည်။ နိုင်ငံရေး ပြောင်းလဲလာမှုအခြေအနေများအရ ၂၀၀၅ ခုနှစ် နှစ်ဆန်းတွင် ပြန်ကြားရေး ၀န်ကြီးဌာနသည် မြန်မာ့စာပေလောက တစ်ခုလုံးနှင့် ထိတွေ့ဆက်ဆံ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုပြုလုပ်ခဲ့ပါသည်။
ယင်းအချိန်မှစ၍ ပြန်ကြားရေးဝန်ကြီး ဌာနသည် မြန်မာစာပေလောကနှင့် လောကသား များ အကျိုးကို မြော်တွေး၍ အဘက်ဘက်မှ ဆွေးနွေး ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးခဲ့သည်။
ပြည်တွင်းပုဂ္ဂလိကသတင်း လောက၏ မှေးမှိန်နေသော ဩဇာ အာဏာကို ပြည်သူလူထုအတွင်း ပြန်လည်ထွန်းကား တောက်ပလာ စေရန် အတွက် ထုတ်ဝေသူ မှတ်ပုံတင်များစွာကို ခွင့်ပြုပေးခဲ့သည်။
တစ်ချိန်က သတင်းဂျာနယ် ၁၀ စောင်ခန့် သာရှိရာ မှ ၃၀၊ ၄၀ခန့် ထိ ဖွံ့ဖြိုးလာခဲ့သည်။ အလား တူပင် အခြားသော ဂျာနယ်၊ မဂ္ဂဇင်း နှင့် အထွေထွေ ထုတ်ဝေခွင့်ရာပေါင်းများစွာကိုလည်း ထုတ်ပေးခဲ့သည်။
နိုင်ငံတော်နှင့် ပတ်သက်သော သတင်းများ၊ ဆောင်းပါးများ ရေးသားနိုင်ရန်၊ ပြည်တွင်း၊ ပြည်ပဆိုင်ရာ သတင်းများကို ပြည်ပသတင်း ဌာနများ၏ သတင်းများအား ကိုးကားရေးသားနိုင်ရန်၊ နိုင်ငံ တကာသတင်းများကို တင်းကျပ်စွာ စိစစ်ပိတ်ပင်မှုမှ လျှော့ပေါ့နိုင်ရန်၊ သဘာဝ ဘေးအန္တရာယ် သတင်းများ ခွင့်ပြုပေးရန်၊ ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သော ရေးသားချက်များကို ခွင့်ပြု ပေးရန်၊ လူမှုရေး နယ်ပယ်နှင့် ပတ်သက်၍ ဆင်းရဲသား ဘ၀သရုပ် ဖော်ရေးသားချက်၊ ဘာသာရေးနှင့် ဂမ္ဘီရဆိုင်ရာရေးသားချက်၊ ကမ္ဘာပြုမှု ဖြစ်စဉ်နှင့်ယဉ်ကျေးမှု ရေစီးကြောင်းအရ လျှော့ပေါ့ပေးနိုင်မည့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ အချို့အချက်များ ခွင့်ပြုပေးရန်နှင့် အချို့ သော မလိုလားအပ်သည့် တားမြစ်ထားသော အချက်များအား လျှော့ပေါ့ ခွင့်ပြုရန် စသည် တို့ကို ၂၀၀၅ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က စ၍ ပြောင်းလဲ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ပြောင်းလဲ ဆောင်ရွက်ပေးခဲ့မှု များသည်လည်း ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆောင်သော စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနနှင့်စာပေ လောကသားများ တွေ့ဆုံဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်မှုယူ ညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းတို့မှ ဖွံ့ဖြိုး တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် အရောက်တွင် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန၏ စိစစ်ရေးဆိုင်ရာ မူဝါဒများသည် ယေဘုယျသဘောသာ ဆန်လွန်းသဖြင့် စာပေ လောကသားများအပေါ် လိုသလို ဆွဲယူ ကောက်ချက်ချ အရေးယူနိုင်သည် ဆိုသောအချက်အား လေ့လာဖော်ထုတ် ရန်နှင့် လိုအပ်သလို ပြုပြင်ဆောင်ရွက် ပေးရန် ပြန်ကြားရေးဝန်ကြီးဌာနက မူတစ်ရပ်ချမှတ်ပေးခဲ့သည်။
ယင်းမူဝါဒ အရ အထူးသဖြင့် သတင်းလောကသား များသည် စိစစ်ရေးမူများအပေါ်တွင် နား လည်မှန်းဆဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက စိစစ်ထောက်ပြခြင်းဆိုသည်ထက် မိမိဘာသာတာဝန်ယူဆောင် ရွက်ကြသည့် အလေ့အထ ဖြစ်ထွန်းစေရန် အတွက်လည်းကောင်း စာပေအဖွဲ့အစည်းများ၊ သတင်းဂျာနယ် လောကသားများနှင့် ပူးပေါင်း၍ စိစစ် ရေး မူဝါဒဆိုင်ရာအသေးစိတ်အချက် များရေးဆွဲပြဋ္ဌာန်းစေခဲ့သည်။
ယင်း အသေးစိတ်အချက်များကို အခြေခံကာ အချို့သတင်း၊ ဆောင်းပါး၊၀တ္ထုစာမူများ အတွက် ဂျာနယ်များအနေနှင့် မိမိတာဝန် မိမိယူ ဆောင်ရွက်စေခြင်းကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူလူထုက အတည်ပြုခဲ့သည့် နောက်ပိုင်း ပြောင်းလဲလာတော့မည့် နိုင်ငံ၏ ဒီမိုကရေစီ အခင်း အကျင်းအား ကြိုတင်မျှော်မှန်းကာ နိုင်ငံရေးနှင့်ဆိုင်သော သမိုင်း ကြောင်း၊ သတင်းဆောင်းပါး၊ လတ်တလော နိုင်ငံရေး အခင်း အကျင်းအပေါ် ဝေဖန်သုံး သပ်သော သတင်းဆောင်းပါးများကို တဖြည်းဖြည်းချင်း ထည့်သွင်းဖော်ပြခွင့် ပြုခဲ့သည်။
ယင်းသို့ ထည့်သွင်းဖော်ပြရာ တွင်လည်း စာပေလောကသားများနှင့် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနတို့ အပြန် အလှန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြောင်းလဲလာသော အခြေအနေများကို သဟဇာတဖြစ်စေခဲ့သည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်သူက ရွေးချယ်တင်မြှောက်သော ဒီမိုကရေစီအစိုးရ ပေါ်ထွန်းလာခဲ့ရာ ပြန်ကြားရေး ၀န်ကြီးဌာနနှင့်စာပေလောကသားတို့၏ ပူးပေါင်းဆောင်ရွက်နေသော အခြေအနေအရပ်ရပ်ကိုလည်း ထပ်မံပြုပြင် ပြောင်းလဲရန် လိုအပ်လာသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၀ ပြည့်နှစ် ကတည်းကပင် ယင်းအခြေ အနေအား ကြိုတင်မြော်တွေး၍သုံးသပ် ဆောင်ရွက်ခဲ့သည်။
ပုံနှိပ်ဥပဒေသစ် မပြဋ္ဌာန်းနိုင်မီ အတောအတွင်း ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေနှင့် စိစစ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို စပ်ကူး မပ်ကူး ကာလအချိန်နှင့် သဟဇာတဖြစ်စေရေးကို ပထမမူဝါဒအနေဖြင့်လည်း ကောင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်နှင့် သဟဇာတ မဖြစ်နိုင်သဖြင့် ဥပဒေသစ်တစ်ခုရေးဆွဲပြဋ္ဌာန်း နိုင်ရေးကို ဒုတိယမူဝါဒအနေဖြင့်လည်းကောင်း ချမှတ်ဆောင်ရွက်ခဲ့သည်။
ထို့ကြောင့်ပင်လျှင် ဒီမိုကရက်တစ် အစိုးရတာဝန်ယူပြီး နှစ်လအကြာ ၂၀၁၁ ခုနှစ်၊ ဇွန်လ၌ ပြန်ကြားရေးဝန်ကြီးဌာန၏ ပထမမူဝါဒ ဖြစ်သော ၁၉၆၂ ခုနှစ် ဥပဒေနှင့်အမိန့်ညွှန်ကြား ချက်များအား စပ်ကူးမပ်ကူးကာလနှင့် သဟဇာတဖြစ်စေရေး ပထမအဆင့် စိစစ်ရေး မူဝါဒ ပြောင်းလဲလျှော့ချခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့နောက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယ အဆင့်အားလည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တတိယအဆင့်အား လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ မေလတွင် စတုတ္ထအဆင့်အား လည်း ကောင်း အဆင့်ဆင့် ပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့သည်။
ယခုအခါတွင် ပဉ္စမအဆင့်လျှော့ချ ပြောင်းလဲနိုင်ရေးအား စောင့်ကြည့် သုံးသပ်လျက်ရှိပြီး အမြန်ဆုံးပြုပြင် ပြောင်းလဲနိုင်ရေးကိုပါ လျာထား ဆောင်ရွက်နေသည်။ အလားတူပင် ဒုတိယမူဝါဒဖြစ်သည့် ဥပဒေသစ်မူကြမ်းရေးဆွဲရေးနှင့်ပတ် သက်၍လည်း ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၌ ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့အား ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
အချိန် လေးလ ကာလအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပါဝင်သော အစည်းအဝေး ခုနစ်ကြိမ်နှင့် မူကြမ်း ရေးဆွဲရေးအဖွဲ့ အစည်းအဝေး အကြိမ် ၂၀ ကျော် ကို ပြုလုပ်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ ဇန်န ၀ါရီလ ၂၀ ရက် နေ့တွင် ပုံနှိပ် မီဒီယာ ဥပဒေ ပထမမူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ပေးပို့၍ အကြံပြု ပြန်ကြားချက်များအား ဖြည့်စွက်ပြင်ဆင်ခြင်း၊ ဒုတိယ မူကြမ်းကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ပြီး အကြံပြုချက်များအား ဖြည့်စွက် ပြင်ဆင်ခြင်း၊ ၂၀၁၂ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် တတိယမူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့၍ အကြံပြု ချက်များအား ဖြည့်စွက်ပြင်ဆင်ခြင်း၊ စတုတ္ထမူကြမ်းအား ဇွန်လ ၁၁ ရက် နေ့တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ပြီး ရှေ့နေချုပ်ရုံးနှင့် တွေ့ဆုံ ညှိနှိုင်းပြင်ဆင်ဖြည့်စွက်ခြင်း၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ပဉ္စမမူကြမ်း အား ရှေ့နေချုပ်ရုံးသို့ ပေးပို့ ၍ တွေ့ဆုံဆွေးနွေးအကြံပြု ပြင်ဆင် ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ၎င်းမူကြမ်းကို နိုင်ငံ တော်သမ္မတရုံးသို့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် တင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံတော် သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက်များကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည် လက်ခံရရှိ ခဲ့သည်။
ယင်းအကြံပြုချက် များအပေါ် ၀န်ကြီးဌာနက ပြင်ဆင်ဖြည့် စွက်ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ အတွင်း ပြည်ထောင်စု ရှေ့နေချုပ် ရုံး သို့ ပေးပို့ သဘောထား ရယူခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဆွေး နွေးညှိနှိုင်း ခဲ့ပြီ ဖြစ်ပြီး ဩဂုတ်လ ဒုတိယပတ်ထဲတွင် နိုင်ငံတော်သမ္မတ ရုံးသို့ ပြန်လည်တင်ပြနိုင်ရန် ဆောင်ရွက် နေသကဲ့သို့ အတည်ပြုသည် နှင့် ဥပဒေ မူကြမ်းအား ယခုကျင်းပလျက်ရှိသည့် လွှတ်တော်သို့ပါ တင်ပြနိုင်ရန် လျာထား ဆောင်ရွက်နေသည်။
ထိုသို့သော အခြေအနေနှင့် အချိန် အခါမျိုးတွင် စိစစ်ရေးညွှန်ကြားချက် တစ်ခုအား ချိုးဖောက်မှုဖြင့် ဂျာနယ် နှစ်စောင်ကို ယာယီ ထုတ်ဝေခွင့်ရပ်ဆိုင်း အရေးယူခဲ့ရသည်။ လက်ရှိအခြေအနေ သည် ဒီမိုကရေစီ အသွင်ကူးပြောင်းနိုင် ရေးအတွက် စပ်ကူးမပ်ကူး ကာလသာ ဖြစ်ပြီး တည်ဆဲဥပဒေများက အသက်ဝင် လျက်ရှိပါသေးသည်။
အခြေအနေ အချိန်အခါနှင့် သဟဇာတမဖြစ်သော၊ မကိုက်ညီသော တည်ဆဲဥပဒေပါ အမိန့် ညွှန်ကြားချက်များအား အဆင့်ဆင့်ဖြေ လျှော့ပေးလျက်ရှိသော်လည်း စည်းမျဉ်း စည်းကမ်းအချို့က ကျန်ရှိနေသေးသည်။
ထို့ပြင် ယင်းစည်းမျဉ်းစည်းကမ်းများသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တစ်သင်းတည်းအတွက်သာ မဟုတ်ဘဲ သက်ဆိုင်ရာ နယ်ပယ်ရှိ လူပုဂ္ဂိုလ် အားလုံးအတွက်လည်း အကျုံးဝင်လျက် ရှိသည်။
ကျန်ရှိနေသေးသော ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့် မညီသည့် လုပ်ဆောင်မူမျိုးအား တစ်ဦး တစ် ယောက်သောသူက ချိုးဖောက် ခဲ့သည်ကို မသိကျိုးကျွန်ပြုထားလျှင် အများစုက ပရမ်းပတာဖြစ်လာနိုင်မှုမျိုးကိုလည်း ထည့်သွင်းသုံးသပ်ကြသင့်သည်။
ထို့ပြင် ယခုအရေးယူမှု မတိုင်မီ တာဝန်ရှိသူ နှင့် သက်ဆိုင်ရာဂျာနယ်တို့ နှစ်ဦးနှစ်ဖက် မည်မျှအထိ တွေ့ဆုံဆွေးနွေးနားလည် ပူးပေါင်းဆောင်ရွက်မှု ပြုခဲ့သည်ကို လည်းကောင်း၊ ရွေးချယ်ရန် နည်းလမ်း မရှိတော့သည့် အဆုံး ယင်းကဲ့သို့ အရေးယူ ဆောင်ရွက် ခဲ့ရခြင်းဖြစ်သည်ကို လည်းကောင်း ဖော်ပြလိုသေးသည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် လက်ရှိ အခြေအနေ၌ စာပေများကို စိစစ်ဖြတ်တောက် အရေးယူခြင်းဆို သည်ထက် စောင့်ကြည့် ပူးပေါင်းဆောင် ရွက်ရေးမူဝါဒကို ကျင့်သုံးနေသည်။
သတင်းဂျာနယ် ၄၉ စောင် အပတ်စဉ် ပုံနှိပ်ထုတ်ဝေနေရာ၌ စာပေစိစစ်၏မူဝါဒ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသည့် ဂျာနယ် ၃၃ စောင်ရှိပြီး ၁၆ စောင်ခန့်မှာ အပတ်စဉ် တစ်ခု မဟုတ် တစ်ခုကို လိုက်နာရန် ပျက်ကွက် နေကြသည်။ ယင်းအတွက် စာပေစိစစ် နှင့် မှတ်ပုံတင်ဌာနသည် ဥပဒေစည်း မျဉ်းစည်းကမ်းများဟူသည့် အကြောင်း ပြချက်နှင့် မဆင်မခြင် ဆောင်ရွက်မှု မျိုးကို မည်သည့် အခါကမှ မလုပ်ခဲ့ပေ။
ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် သည်ပင်လျှင်ကြီးသောအမှု ငယ်အောင်၊ ငယ်သောအမှုပပျောက်အောင်နှင့် ပူးပေါင်း ဆောင်ရွက်နိုင် သမျှ ပူးပေါင်း ဆောင်ရွက်ကြရန်မူဝါဒချမှတ်ပေးထားသည်။ ထို့ကြောင့် စည်းကမ်းလိုက်နာမှု အားနည်းသောဂျာနယ်များကို စာပေ စိစစ်နှင့်မှတ်ပုံတင်ဌာနက ဖုန်းဖြင့် ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေဆက်သွယ် ဆွေးနွေးညှိနှိုင်းမှု အမြဲမပြတ်ပြုလုပ်ခဲ့ပြီး သတိပေးစရာ ရှိသည်များကိုလည်း ခေါ်ယူသတိပေးပြောဆိုခြင်းများပြုခဲ့သည်။
ခေါ်ယူ သတိပေး ပြောဆိုသည်ဆိုရာ၌ သက်ဆိုင်ရာ ဂျာနယ်များ၏ ကြုံတွေ့ နေရသော အခက်အခဲ အကျပ်အတည်းနှင့် အဆင် မပြေမှုများကိုပါ အမြဲတမ်း ဆွေးနွေးညှိနှိုင်းအဖြေရှာပေးခဲ့သည်။ ခေါ်ယူသတိပေးမှု ပြုရပြီဆိုလျှင် သက် ဆိုင်ရာဂျာနယ်တို့သည် စာပေစိစစ်၏ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ရဟူသော မီးနီအမှတ်သို့ ရောက်ရှိနေပြီဆိုသည်ကို ပြသခြင်း လည်းဖြစ်သည်။
ယခု ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခံရသော ဂျာနယ် နှစ်စောင် အနက် Envoy ဂျာနယ်သည် ၂၀၁၂ ခုနှစ်၊ မေလ ၅ ရက်နေ့က သက်ဆိုင်ရာထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အား စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန၏ နောက်ဆုံး အဆင့် ခေါ်ယူသတိပေးခြင်းကို ခံထား ရသည့် ဂျာနယ်ဖြစ်သကဲ့သို့ The Voice ဂျာနယ်သည်လည်း ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က အယ်ဒီတာချုပ်နှင့် တာဝန်ခံ အယ်ဒီတာ တို့ကို စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက စည်းကမ်းထပ်မံ မချိုးဖောက်ရန်နှင့် အထူးပူးပေါင်း ဆောင်ရွက်ရန် ခေါ်ယူ မေတ္တာရပ်ခံ ထားခဲ့ရသည့်ဂျာနယ် ဖြစ်သည်။
ထို့ကြောင့်ပင်လျှင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ယင်းဂျာနယ် နှစ်စောင်၏ စည်းကမ်း မလိုက်နာခဲ့ခြင်း အပေါ် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အခြားရွေးချယ်ရန် နည်းလမ်းမရှိတော့ဘဲ အရေးယူမှု ပြုခဲ့ရခြင်းဖြစ်သည်။
အထက်ဖော်ပြပါ ဖြစ်စဉ်များအရ ပြန်ကြားရေးဝန်ကြီးဌာနက ဂျာနယ်နှစ်စောင်အပေါ် အရေးယူခဲ့ခြင်းသည် သက်ဆိုင်ရာ ဂျာနယ် များက ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ကို ဖောက်ဖျက် ခဲ့မှုများအတွက် အကြိမ်ကြိမ်ပူးပေါင်း ညှိနှိုင်း မရသည့်အဆုံး သာမန်အရေးယူ ဆောင်ရွက်မှု တစ်ခုမျှသာ ဖြစ်သည်ကို တွေ့မြင်ကြရပါမည်။
ယင်းသို့ အရေး ယူမှုသည် ဒီမိုကရေစီစနစ်နှင့်အညီ လျှောက်လှမ်းနေသော အစိုးရ၏ ရည်မှန်းချက်နှင့် လုပ်ငန်းဆောင်တာ များကို ရပ်တန့်စေရန်လည်းကောင်း၊ လမ်းကြောင်း ပျောက်စေရန်လည်း ကောင်းစသဖြင့် ဝေဖန်စွပ်စွဲနေကြသော ဖြစ်ရပ်အခြေအနေမျိုး လုံးဝမဟုတ်ဟု အတိအလင်း ငြင်းဆိုလိုသည်။
ပြန် ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်မီဒီယာနှင့်ပတ်သက်သည့် ပြုပြင်ပြောင်းလဲရန် ကိစ္စအ၀၀ကို မိမိတို့က ခွင့်ပြု၍ စာပေလောက သားတို့ ရသည်ဟု မည်သည့်အချိန်ကမျှ မခံယူခဲ့ပါ။ အလားတူပင် စာပေလောကသားတို့က လွတ်လပ်မှုအတွက် တောင်းဆိုမှကြံစည် တွေးတော အကောင်အထည် ဖော်ပေးသည်ဟုလည်း မည်သည့်အခါမှ မရှိစေခဲ့ပါ။
စပ်ကူးမပ်ကူးကာလ၌ အခြေ အနေနှင့် အချိန် အခါကို ကြိုတင်သုံးသပ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် စာပေလောက သားများနှင့် အမြဲမပြတ် တွေ့ဆုံဆွေးနွေး၊ အပြန် အလှန် နားလည်မှုယူ၊ ပူးပေါင်း ဆောင်ရွက်ကာ လက်တွေ့နှင့် သဟဇာတ ဖြစ်အောင် အကောင်အထည် ဖော်သည်သာရှိခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံမူများ၏ပုဒ်မ ၇ ၌ 'နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်' ဟု အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။
ယင်း၏အခန်း ( ၈ ) နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များမှ ပုဒ်မ ၃၅၄ တွင်လည်း 'နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိသည်' ဟု ဆိုကာ စာပိုဒ် လေးပိုဒ်ကို အတိအလင်း ပြဋ္ဌာန်းထားပါသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အတိုင်း မမှိတ်မသုန် ယုံကြည်စွာ ကိုင်စွဲချီတက် လျှောက်လှမ်း နေပါသည်။ ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန သည်လည်း နိုင်ငံတော်အစိုးရ၏ ယန္တရား အစိတ်အပိုင်းတစ်ခုအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံတော်အစိုးရ ဦးဆောင်လမ်းညွှန်မှု အောက်၌ ခံယူအကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။
အလားတူ နိုင်ငံသားတိုင်းသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လိုက်နာနေထိုင်ကြရန် တာဝန် ရှိသည်။ ဒီမိုကရေစီရေး ဦးတည်ရာ လမ်းကြောင်း မပျောက်စေရန်မှာ နိုင်ငံတော်အစိုးရချည်း၌သာ တာဝန် ရှိသည်မဟုတ်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရမည့် နိုင်ငံသားတိုင်းတွင်လည်း တာဝန်ရှိပါ သည်ဆိုသည့်အကြောင်းကို ရေးသား ဖော်ပြလိုက်ရပါသည်။

မြန်မာတိုမ်း- မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့
No comments:
Post a Comment