** ဘရာဇီး၊ မက္ကဆီကို၊ ဟွန်ဒူးရပ်စ် စသည့် လက်တင်အမေရိကအသင်းများ ၂၀၁၂ လန်ဒန်အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားအဆင့်တက်**
(လန်ဒန်၊ သြဂုတ် ၂) ၂၀၁၂ လန်ဒန်အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ အုပ်စုပြိုင်ပွဲများအပြီးတွင် လက်တင်အမေရိကမှ ဘရာဇီး၊ မက္ကဆီကိုနှင့် ဟွန်ဒူးရပ်စ်တို့ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သည်။ အဆိုပါ အသင်းသုံးသင်းထဲမှ အံ့သြဖွယ်အကောင်းဆုံးအသင်းမှာ ဟွန်ဒူးရပ်စ်အသင်းဖြစ်သည်။ ဟွန်ဒူးရပ်စ်အသင်းသည် အိုလံပစ်ပြိုင်ပွဲသို့ တတိယ အကြိမ် ၀င်ရောက်ယှဉ်ပြိုင်ရသည့်အသင်းဖြစ်ပြီး ပထမဆုံးအကြိမ် ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် ခုနစ်လကတည်းက ရေကုန်ရေခန်းကြိုးစားခဲ့သည့် ဟွန်ဒူးရပ်စ်ကစားသမားများကို ဂုဏ်ယူပါကြောင်းနှင့် အရေးကြီးဆုံးအချက်မှာ ကစားသမားများ၏ စုစည်းမှုနှင့် ချစ်ကြည်စွာ ကစားရန်တို့ဖြစ်ကြောင်း ဟွန်ဒူးရပ်စ် အသင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ ဟွန်ဒူးရပ်စ်အသင်းသည် ရွှေတံဆိပ်ဆုရရှိရန် ဆန္ဒပြင်းပြနေသည့် ဘရာဇီး အသင်းနှင့် ကွာတားဖိုင်နယ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်များတွင် ဗြိတိန်က ဥရုဂွေးကို တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ဆီနီဂေါနှင့် ယူအေအီးသည် တစ်ဖက်တစ်ဂိုးစီဖြင့်လည်းကောင်း၊ မက္ကဆီကိုက ဆွစ်ဇာလန်ကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ တောင်ကိုရီးယားနှင့် ဂါဘွန်မှာ ဂိုးမရှိသရေဖြင့်လည်းကောင်း၊ ဘရာဇီးက နယူးဇီလန်ကို သုံးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ အီဂျစ်က ဘယ်လာရုစ်ကို သုံးဂိုး-တစ်ဂိုးဖြင့် လည်း ကောင်း၊ ဂျပန်နှင့် ဟွန်ဒူးရပ်စ်၊ စပိန်နှင့် မော်ရိုကိုတို့မှာ ဂိုးမရှိသရေရလဒ်များဖြင့် လည်းကောင်း ပြီးဆုံးသွားခဲ့သည်။ အသက်(၂၃)နှစ်အောက် ၂၀၁၂ လန်ဒန်အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ ၏ ကွာတားဖိုယ်ပွဲစဉ်များ အဖြစ် ဂျပန်နှင့် အီဂျစ်၊ မက္ကဆီကိုနှင့် ဆီနီဂေါ၊ ဘရာဇီး နှင့် ဟွန်ဒူးရပ်စ်၊ ဗြိတိန်နှင့် တောင်ကိုရီးယားတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။JACBA Burma.blog မှတဆင့် ဖော်ပြသည်။
No comments:
Post a Comment